ဘာသာခြားစာသင်ကျောင်း (Institute of Foreign Languages) ကို ၁၉၆၄ ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့တွင် ပန်းဆိုးတန်းလမ်းရှိ ချာတာဘဏ်အဆောက်အအုံ အပေါ်ဆုံးထပ် တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်းအုပ်ကြီးအဖြစ် ဦးဘမြင့်က ၈-၁-၆၄ရက်နေ့မှ        ၇-၂-၆၅ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ပြင်သစ်၊ ဂျာမန်၊ ဂျပန်နှင့် ရုရှားဟူသည့် သင်ကြားရေးဌာန(၄)ခုရှိပြီး ကျောင်းသား(၅၃)ဦးဖြင့် စတင်သင်ကြားခဲ့ပါသည်။ ဒီပလိုမာ အချိန်ပြည့်၊ ဒီပလိုမာအချိန်ပိုင်း၊ နိုင်ငံခြားဘာသာတော်သင်နှင့် ဘာသာစကားကျွမ်းကျင်မှု သင်တန်းများကို ဖွင့်လှစ်ပို့ချခဲ့ပါသည်။ ၁၉၆၅ ခုနှစ်တွင် တရုတ်ဘာသာဌာနကို တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ၈-၂-၆၅ရက်နေ့မှစ၍ ဦးယုခင်က ကျောင်းအုပ်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ ပါသည်။

၁၉၆၆ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့တွင် ယခုလက်ရှိနေရာဖြစ်သည့် ၁၁၉-၁၃၁၊ တက္ကသိုလ် ရိပ်သာလမ်း၊ ရန်ကုန်နေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ပြောင်းရွှေ့ချိန်တွင် ကျောင်းအုပ်ကြီးမှာ ဦးယုခင်ဖြစ်ပြီး ၃၀-၄-၇၁ ထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုပညာသင်နှစ်တွင် ကျောင်းသား ဦးရေကို(၂၀၅)ဦးသို့ တိုးမြှင့်သင်ကြားပေးခဲ့ပါသည်။ အီတာလျံဘာသာဌာနကို ၁၉၇၀ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၀ ခုနှစ်ထိတည်ရှိခဲ့ပါသည်။ ၁-၅-၇၁ရက်နေ့တွင် ဦးဝင်းမောင်က ကျောင်းအုပ်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ပါသည်။

၁၉၇၂ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန တိုက်ရိုက်အုပ်ချုပ်အောက်မှ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်သို့ လွှဲပြောင်းခဲ့ပါသည်။ ကျောင်းအမည်ကိုလည်း နိုင်ငံခြား ဘာသာသိပ္ပံ (Institute of Foreign Languages) ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ကျောင်းအုပ်ကြီး အဖြစ် ဦးဝင်းမောင်မှ ၁၇-၉-၇၂ရက်နေ့ထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုပညာသင်နှစ်တွင် ကျောင်းသားဦးရေကို (၃၈၃) ဦးသို့ တိုးမြှင့်သင်ကြားပေးခဲ့ပါသည်။

ကျောင်းအုပ်ကြီး ဦးတင်အောင်စိုးသည် ၂၈-၉-၇၂ရက်နေ့မှ ၁၀-၈-၇၉ရက်နေ့ထိ လည်းကောင်း၊ ကျောင်းအုပ်ကြီး ဦးဝင်းမောင်သည် ၁၀-၈-၇၉ရက်နေ့မှ ၇-၈-၈၀ရက်နေ့ထိ လည်းကောင်း၊ ကျောင်းအုပ်ကြီး ဦးစိုင်းအောင်ထွန်းသည် ၇-၅-၈၀ရက်နေ့မှ ၃-၁၁-၈၅ ရက်နေ့ထိ လည်းကောင်း၊ ကျောင်းအုပ်ကြီး ဦးမျိုးညွန့်သည် ၁၆-၁၂-၈၅ရက်နေ့မှ ၃-၂-၉၁ရက်နေ့ထိ လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ကျောင်းအုပ်ကြီး ဒေါက်တာစိုးဝင်း သည် ၄-၂-၉၁ရက်နေ့ မှစ၍ တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဘာသာရပ်ဌာနများ သီးခြားမတည်ထောင်မီက အင်္ဂလိပ်ဘာသာစကားကို ၁၉၆၉ ခုနှစ်မှ စတင်၍လည်းကောင်း၊ မြန်မာဘာသာစကားကို ၁၉၇၄ခုနှစ်မှ စတင်၍ဖွင့်လှစ်ခဲ့ပြီး ရန်ကုန် တက္ကသိုလ်မှ ဆရာများလာရောက်ပို့ချခဲ့ပါသည်။ ၁၉၈၄ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဌာနကို လည်းကောင်း၊ ၁၉၈၅ ခုနှစ်တွင် မြန်မာဘာသာဌာနကိုလည်းကောင်း၊ ၁၉၈၉ ခုနှစ်တွင် ထိုင်းဘာသာဌာနကိုလည်းကောင်း၊ ၁၉၉၃ ခုနှစ်တွင် ကိုရီးယားဘာသာဌာနကိုလည်ကောင်း တိုးချဲ့တည်ထောင်ခဲ့ပါသည်။ ကျောင်းသားဦးရေကို နှစ်စဉ်တိုး၍ လက်ခံခဲ့ရာ ၁၉၉၅-၁၉၉၆ ပညာသင်နှစ်တွင် (၁၁၇၉) ဦးသို့ တိုးမြှင့်သင်ကြားပေးခဲ့ပါသည်။ ထိုစဉ်က စာသင်ဆောင်များ မှာ ပင်မဆောင် (နှစ်ထပ်ဆောင်)၊ မြဝတီဆောင် (နှစ်ထပ်ဆောင်လေးခု)၊ OB ဆောင် (တစ်ထပ်ဆောင် ခုနှစ်ခု) တို့ဖြစ်ပါသည်။

၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ(၂)ရက်နေ့တွင် တက္ကသိုလ်အဆင့်သို့ နိုင်ငံတော်က တိုးမြှင့် ပေးခဲ့ရာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (Yangon Institute of Foreign Languages) အဖြစ် ရောက်ရှိခဲ့ပါသည်။ တက္ကသိုလ်အဆင့်သို့ ရောက်ရှိသောအခါ ယခင်ပို့ချခဲ့သည့် သင်တန်း များအပြင်  မဟာဝိဇ္ဇာနှင့် ဝိဇ္ဇာဘွဲ့သင်တန်းများကို တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။ ထိုပညာသင်နှစ်တွင် ကျောင်းသားဦးရေကို (၁၃၁၄) ဦးသို့ တိုးမြှင့်သင်ကြားပေးခဲ့ပါသည်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်အဖြစ် ရောက်ရှိစဉ်က ဒေါက်တာစိုးဝင်းသည်         ၂-၉-၉၆ရက်နေ့မှ ၁၅-၁-၉၇ရက်နေ့ထိ ကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း၊ ၁၅-၁-၉၇ ရက်နေ့မှ ၁၁-၆-၉၇ရက်နေ့အထိ ဒုတိယပါမောက္ခချုပ်အဖြစ်လည်းကောင်း၊ ၁၂-၆-၉၇ရက်နေ့မှ              ၃-၆-၀၅ရက်နေ့အထိ ပါမောက္ခချုပ်အဖြစ်လည်းကောင်း တာဝန်များကို ထမ်းဆောင်ခဲ့ ပါသည်။

ဒေါက်တာအောင်အောင်မင်းသည် ၁-၇-၀၅ရက်နေ့မှ ၂၀-၁၀-၀၅ရက်နေ့အထိ ဒုတိယ ပါမောက္ခချုပ်အဖြစ်လည်းကောင်း၊ ဒေါက်တာမျိုးမြင့်သည် ၂၁-၁၀-၀၅ရက်နေ့မှ ၃၀-၃-၁၁ ရက်နေ့ အထိ ပါမောက္ခချုပ်အဖြစ်လည်းကောင်း၊ ဒေါက်တာတင်မောင်ထွန်း သည် ၃၀-၃-၁၁ရက်နေ့မှ ၁၈-၄-၁၁ရက်နေ့အထိ ဒုတိယပါမောက္ခချုပ်အဖြစ်လည်းကောင်း၊ ဒေါက်တာလွင်လွင်စိုးသည်  ၂၉-၄-၁၁ရက်နေ့မှ ၁၄-၃-၁၆ရက်နေ့အထိ ပါမောက္ခချုပ်အဖြစ်လည်းကောင်း၊ ၁၅-၃-၁၆ ရက်နေ့မှ ၁၂-၁၀-၁၆ရက်နေ့အထိ ဒေါက်တာရည်ရည်မော်က ဒုတိယပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေါက်တာကြည်ရွှင်သည် ၁၃-၁၀-၁၆ရက်နေ့မှစ၍ ယနေ့အထိ ပါမောက္ခချုပ်တာဝန်ကို ထမ်းဆောင်လျက်ရှိပါသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစတင်၍ အီတာလျံဘာသာဌာနကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး စတင်သင်ကြားလျက် ရှိပါသည်။ ကျောင်းသားဦးရေကို နှစ်စဉ်တိုးမြှင့်သင်ကြားပေးခဲ့ရာ       ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ပါရဂူ၊ မဟာဝိဇ္ဇာ၊ မဟာဝိဇ္ဇာအရည်အချင်းစစ်၊ ဒီပလိုမာ၊ ဝိဇ္ဇာဘွဲ့ သင်တန်းများအပြင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန(ညနေသင်တန်း) အပါအဝင် ကျောင်းသားပေါင်း (၃၈၃၀၀၀) ဦးရှိပါသည်။

၁၉၉၈ ခုနှစ်တွင် ဘာသာဗေဒဌာန၊ အရှေ့တိုင်းပညာဌာန၊ ဒဿနိကဗေဒဌာန၊ သမိုင်း ဌာနနှင့် နိုင်ငံတကာဆက်ဆံရေးပညာဌာနတို့ကို တိုးချဲ့တည်ထောင်ခဲ့ပါသည်။ ပင်မဆောင် (MB) ကို ၁၉၆၆ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှလွှဲပြောင်းရယူခဲ့ပြီး၊ မြဝတီဆောင်၊ OB ဆောင်များ အပြင်၊ ၁၉၉၅-၉၆ ဘဏ္ဍာနှစ်တွင် လေးထပ်စာသင်ဆောင်သစ် (NB)၊ ၁၉၉၇-၉၈ ဘဏ္ဍာနှစ်တွင် စာကြည့်တိုက်နှင့် ဗဟိုသင်ထောက်ကူဆောင်(LRC)၊ ၂၀၀၈-၂၀၀၉ဘဏ္ဍာနှစ်တွင် တိုးချဲ့စာသင် ဆောင်သစ်(EB)၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် Centre of Excellent (CoE)နှင့် ဘက်စုံခန်းမ (RC)၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် Centre of Excellent Building & Modernized Canteen၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် The Centre of Excellence in Language for Foreigner Hall (ISH)တို့ကို ထပ်မံတိုးချဲ့ တည်ဆောက်နိုင်ခဲ့ပါသည်။